ကုလသမဂ္ဂ၊ဇန်နဝါရီ ၃
ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။
၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက် ကောင်စီ၏လုပ်ငန်းများကိုပြန်လည်လည်ပတ်ချိန် ဖြစ်သောဇန်နဝါရီလ ၁ ရက်နေ့က တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
၎င်း ၅ နိုင်ငံသည် ယခင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီကွေဒေါ၊ဂျပန်၊မောလ်တာ၊မိုဇမ်ဘတ်နှင့်ဆွစ်ဇာလန်တို့နေရာ၌ အစားထိုးဝင်ရောက်လာသည့်နိုင်ငံများဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်သစ်များအတွက် အလံတပ်ဆင်ခြင်းဓလေ့ကို ၂၀၁၈ ခုနှစ်က ကာဇက်စတန်၌စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နူးယော့ခ်ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများကို ဝမ်းမြောက်စွာကြိုဆိုကြောင်းနှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားကာ နှစ်နှစ်တာကာလအတွင်း အကောင်းဆုံးဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည်။
အဖွဲ့ဝင်သစ်နိုင်ငံများမှခေါင်းဆောင်များကလည်း နိုင်ငံအလံများကိုတပ်ဆင်ချိန်၌ မိန့်ခွန်းတိုများ ကို အသီးသီးပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအဖြစ် ဗြိတိန်၊တရုတ်၊ပြင်သစ်၊ရုရှားနှင့်အမေရိကတို့ပါဝင်ပြီး အမြဲတမ်းမဟုတ်သည့်အဖွဲ့ဝင် ၁၀ နိုင်ငံအား နှစ်နှစ်တစ်ကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံကရွေးချယ်လေ့ရှိသည်။
Source : ရှင်းဟွာ