ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့တွင် မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပမည်
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ဇွန် ၁၃ ရက်(သဘက်ခါ-နယုန်လပြည့်နေ့)၌ စေတီတော်ရင်ပြင်တော်ပေါ်တွင် မဟာသမယအခါတော်နေ့မင်္ဂလာအခမ်းအနားအား ကျင်းပသွားမည်ဖြစ်သည်။
အခမ်းအနားအား ကျင်းပရာတွင် ယင်းနေ့နံနက် အရုဏ်တက်ချိန်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူခြင်း၊ဩဝါဒါစရိယဆရာတော်ကြီးများကို အရုဏ်ဆွမ်းဆက်ကပ်ခြင်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် မဟာသမယ အခါတော်နေ့ဆိုင်ရာသိမှတ်ဖွယ်ရာတရားတော်များနာကြားခြင်း၊ရေစက်သွန်းချအမျှပေးဝေခြင်း၊မဟာသမယနေ့ဖြစ်ပေါ်လာပုံအား ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများမှ ကပ္ပိလဝတ်နှင့်ကောလိယအုပ်စု ၂ ခုခွဲ၍ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်သည်။
ထိုသို့ လှည့်လည်ပူဇော်ပြီးနောက် ရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပကာ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများအား တပြိုင်တည်းတီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။