ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄ -၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော် တင်လှူခြင်းလုပ်ငန်းကို ရွှေတိဂုံစေတီတော်၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံတွင် ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ ရွှေပြားသင်္ကန်းတော်များ စတင်၍ တင်လှူပူဇော်သွားမည် ဖြစ်ပြီး ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရွှေစင် (၆) ကျပ်သား (၄၆၇) ချပ်၊ ရွှေစင် (၁) ကျပ်သား (၄၂၇၂) ချပ် စုစုပေါင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်မည်ဖြစ်ကာ ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး နောက်ဆုံး ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၁၈ -၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။