ယနေ့ ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် ၊ အမှတ် (၅/၈)ရပ်ကွက် ၊ သီရိမင်္ဂလာပတ်လမ်းတွင် ဖြစ်ပွားခဲ့သည့် Level 1 အဆင့် မီးလောင်မှုတွင် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။
ယနေ့နံနက် (၄)နာရီ မိနစ်(၅၀) အချိန်ဝန်းကျင်က သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်တစ်ခုမှ မီးစတင်လောင်ကြွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းချိန် (၂) နာရီနီးပါး ကြာမြင့်ခဲ့သည်။
” မီးသတ်ကား အစီး ၃၀/၄၀ လောက် ဝိုင်းငြှိမ်းတာတောင် တော်တော်နဲ့ မငြိမ်းဘူး။ အဆောင် (၃) ဆောင် လောင်သွားတယ်။ ဘေးက “မွန်မလေး” ဆိုင်ရဲ့ ဂိုထောင် မီးဟပ်တယ်။ ပြီးတော့ ပယင်းဆိုင် တစ်ဆိုင်နဲ့ ဂိမ်းဆိုင်လည်း ပါသွားတယ်။ ေ-သတာကတော့ အမျိုးသမီးတစ်ယောက်ပေါ့ ။ (၃၅) နှစ်လောက်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် “ပယင်းမဟာ” ပယင်းနှင့် ကျောက်မျက်ရတနာ အရောင်းဆိုင်လည်း တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်းခဲ့သည်ကို တွေ့ရပြီး မီးဘေးသင့်ပြည်သူ (၆၀) ကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ မီးလောင်ကျွမ်းရာနေရာအား လုံခြုံရေး စည်းတားထားသည်ကို တွေ့ရပြီး အဆောင်နေ မီးဘေးသင့်ပြည်သူများမှာ အခင်းဖြစ်နေရာအနီးတွင် စုဝေးနေထိုင်နေကြသည်ကို တွေ့ရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား Level 1 အဆင့် ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၆) နာရီခွဲဝန်းကျင်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။