စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စက်မှုဇုန်ရှိစက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာလ(၂၁)ရက်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စက်မှုဇုန်မှ တည်ဆောက်ဆဲနှင့်တည်ဆောက်ပြီး စက်ရုံ (၅) ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်း နှင့် Fire Safety Certificate ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လက်တွေ့မီးငြိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ပြီး မီးဘေးဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ရန်နှင့် မီးဘေးအန္တရာယ်စီမံချက်ရေးဆွဲထားရန်၊ ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စက်သုံးဆီ အရောင်းဆိုင်များအား စစ်ဆေးရာတွင် ရာသီဥတုပူပြင်းသည့် ကာလများ၌ စက်သုံးဆီများကို မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ သိုလှောင်ရောင်းချနေမှု ရှိ၊မရှိ၊ မီးသတ်ဆေးဗူးများ တပ်ဆင်အသုံးပြုနေမှု ရှိ၊ မရှိ စစ်ဆေးပြီးစက်သုံးဆီအရောင်းဆိုင်ရှင်များနှင့်ဝန်ထမ်းများအား အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပါက မီးသတ်ဆေးဗူးများဖြင့် မီးကိုစနစ်တကျ ငြှိမ်းသတ်ရမည့်နည်းလမ်းများ၊ သဲ ၊ ရေကန်များကို စနစ်တကျ ထားရှိဆောင်ရွက်ရန် စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။