ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးအခါသမယတွင် နစက ဥက္ကဋ္ဌမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နစက တာဝန်ယူချိန်မှစတင်ကာ ရှေ့လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာဖြင့် ကြိုးစားလျှောက်လှမ်းခဲ့သဖြင့် သိသာထင်ရှားသည့် ရည်မှန်းချက်ပန်းတိုင်များကို တွေ့မြင်နေရပြီဖြစ်ကာ ပြည်သူများမှလည်း တက်တက်ကြွကြွနှင့်ဝိုင်းဝန်းကူညီပေးခဲ့ကြသည်ဟု ပြောသည်။
” ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကြပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၏ နေရာအချို့တွင်ဖြစ်ပွားခဲ့သည့် မြို့ရွာများလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြမှုများကိုလည်း မိမိတို့က ကာကွယ်တားဆီးကြရန်၊ ရပ်တန့်အောင်ကြိုးစားကြရန်လိုအပ်သည်ဟု ပြောသည်။
ထို့အတူ နစက ဥက္ကဋ္ဌမှ ၂၀၂၄ ခုနှစ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအောင်မြင်စွာကောက်ယူနိုင်ခဲ့ခြင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် တိုင်းပြည်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်နိုင်မှုများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ်ခိုင်မြဲစေရေးအတွက် စွန့်လွှတ်စွန့်စားစွာဆောင်ရွက်နေကြသူများရှိနေခြင်းကြောင့်ဖြစ်၍ နိုင်ငံတော်အတွက် အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသားများ အားလုံးကို အလေးအနက်ဂုဏ်ပြုသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။