ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။
ထိုသို့ မတော်တဆ တွေ့ရှိသည့်အခါ ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်သည်ကို မသိနားမလည်ကြသူများက တွေ့ရှိပစ္စည်းများသည် ရွှေထည်များ၊ ရွှေထည်ကဲ့သို့သော တန်ဖိုးရှိသောဝတ္ထုပစ္စည်းများဖြစ်လျှင် ချက်ချင်း ထုခွဲရောင်းချချင်လေ့ရှိကြသောဖြစ်စဉ်လည်း ရှိသည်ဟု ဆိုသည်။
နိုင်ငံသားများအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို တွေ့ရှိရပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတဆင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ သတင်းပေးပို့ အကြောင်းကြားခြင်းခြင်းဖြင့် သတင်းပို့အကြောင်းကြားခဲ့သူအား နိုင်ငံတော်မှ ပြန်လည်ဂုဏ်ပြုသည့်အနေဖြင့် တွေ့ရှိသည့်ဝတ္ထုပစ္စည်း၏ ကာလပေါက်ဈေးအပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးများကိုပါ ထပ်ဆောင်းချီးမြှင့်သည့်အတွက်ကြောင့် မူလတန်ဖိုးထက် သုံးဆမျှသော ဆုကြေးငွေများကို ရရှိမည်ဖြစ်သည်ဟု ဆိုသည်။
ရှေးဟောင်းဝတ္ထုစ္စည်းများကို တာဝန်သိစိတ်ရှိစွာဖြင့် လာရောက်အပ်နှံပါက လာရောက် အပ်နှံသူကိုသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရွှေ(၃၁၄၄)ခု၊ ငွေ(၈၃၃)ခု၊ ကြေး(၇၅၃) ခု၊ အခြား(၂၇၈၀၈)ခု စုစုပေါင်း (၃၂၅၃၈)ခုအတွက် ဆုကြေးငွေ ကျပ် ၅၆၈၄၃၀၀၈၅/- (ငါးထောင့် ခြောက်ရာ ရှစ်ဆယ့်လေးသိန်း သုံးသောင်း ရှစ်ဆယ့်ငါးကျပ်တိတိ/-)ထိ ဆုကြေးငွေများကို နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲဆောင်ရွက်နေမှုကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသည့်အချက်ကို အခွင့်ကောင်းယူ၍ ရှေးဟောင်းပစ္စည်းများကို တရားမဝင် ဝယ်ယူစုဆောင်းလျက်ရှိကြသည်ကိုလည်း တွေ့ရှိရသည်ဟုလည်း ဆိုသည်။
လတ်တလောတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာတွင် ကျေးရွာလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်သော လုပ်သားများက လုပ်ငန်းဆောင်ရွက်ရာမှ မတော်တဆ တွေ့ရှိရသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမပြုဘဲ မူလလက်ရာပျက်စီးစေရန် အရည်ကျို၍ ထုခွဲရောင်းချခဲ့သည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့မှုကြောင့် ပါဝင်ခဲ့သူများကို အရေးယူခဲ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများကို အဓွန့်ရှည် တည်တံ့စေရန်၊ ပျက်စီးယိုယွင်းပျောက်ဆုံးခြင်းများမှ ကာကွယ်နိုင်ရန်၊ အများပြည်သူများ ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကို နားလည်၍ တာဝန်သိစိတ်ဖြင့် ကာကွယ် ထိန်းသိမ်းနိုင်စေရန်အတွက်၂၀၁၅ ခုနှစ်တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နည်းဥပဒေကို ထုတ်ပြန်ထားသေးသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် အပ်နှံသည့် ရွှေ၊ ငွေ ပစ္စည်းများကို လာရောက်အပ်နှံသည့်အချိန်ကာလတွင်ရှိသည့် ပေါက်ဈေးနှုန်းအတိုင်း ဆုကြေး တွက်ချက်ခြင်းဖြစ်ရာ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူသည် နေ့စဉ်ပေါက်ဈေးကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုးအပါအဝင် အများဆုံး ၃ ဆ အထိ ချီးမြှင့်ငွေရရှိမည်ဖြစ်ကာ လာရောက် အပ်နှံသည့်နေ့မှစတင်၍ ရက်သတ္တပတ်(၂) ပတ်မှ အများဆုံး (၄)ပတ်အတွင်း ဆုကြေးငွေ ချီးမြှင့် ပေးလျက်ရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးထားသည်။