လကမ္ဘာ လေ့လာသည့် မောင်းသူမဲ့ အာကာသယာဉ်အား တောင်ကိုရီးယားလွှတ်တင်
ဆိုးလ်၊ ဩဂုတ် ၅ ရက်
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး လကမ္ဘာအား လေ့လာသည့် အာကာသယာဉ်ကို တစ်နှစ်တာ မစ်ရှင်အဖြစ် အမေရိကမှ ဩဂုတ်လ ၄ ရက် ကြာဿပတေးနေ့တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Danuri ဟု အမည်ပေးထားသော အဆိုပါ အာကာသယာဉ်အား ဖယ်ကွန် ၉ ဒုံးပျံပေါ်တွင် သယ်ဆောင်ကာ အမေရိက၏ဖလော်ရီဒါပြည်နယ်ရှိ ဒုံးပျံယာဉ်များ ပစ်လွှတ်သည့်နေရာဖြစ်သော Cape Canaveral တွင် အီလွန်မတ်၏ အာကာသယာဉ်ကုမ္ပဏီဖြစ်သည့် SpaceX က ဦးဆောင်၍ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
Danuri အာကာသယာဉ်အား ဒီဇင်ဘာ လလယ်ပိုင်းလောက်တွင် လသို့ ရောက်ရှိရန် ရည်မှန်းထားသည်။
ဒါနူရီ သည် “လ”နှင့်“မွေ့လျော်ခြင်း“ ဟူသော ကိုရီးယားဘာသာစကားလုံးနှစ်ခုကို ပေါင်းစပ်ကာ ခေါ်ဝေါ်ထားခြင်းဖြစ်သည်။
“ဒါဟာ ကိုးရီးယား အာကာသ စူးစမ်းလေ့လာရေး သမိုင်းမှာ အလွန် အရေးပါတဲ့ မှတ်တိုင် တစ်ခုပါ” ဟု ကိုရီးယား အာကာသ သုတေသနဌာန၏ ဥက္ကဌ လီဆန်းရူ ကပြောကြားခဲ့သည်။
“ဒီ Danuri အာကာသယာဉ်ဟာ အခုမှ အစပဲရှိပါသေးတယ်၊ အာကာသခရီးသွား လုပ်ငန်းတွေမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ ပိုပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။အားထုတ်လိုက်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အင်္ဂါဂြိုလ်နဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတွေအထိ ခရီးဆက်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ တစ်နှစ်တာ မစ်ရှင်အတွင်း Danuri သည်သုတေသနများပြုလုပ်ရန်အတွက် နာဆာက ပံ့ပိုးပေးသော အာရုံခံနိုင်စွမ်း မြင့်မားသည့် ကင်မရာ အပါအဝင် မတူညီသော ကိရိယာခြောက်ခုကို အသုံးပြုသွားမည်ဖြစ်သည်။
ထို့အပြင် အနာဂတ် မစ်ရှင်များအတွက် လပေါ်တွင် အာကာသယာဉ်များ ဆင်းသက်နိုင်မည့် နေရာများကို ရှာဖွေရန် လမျက်နှာပြင်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အထက်ပါ ကိရိယာခြောက်ခုအနက် တစ်ခုမှာ အာကာသမှ အချက်အလက်များပေးပို့နိုင်ရန် သုံးသည့် အနှောင့်အယှက်ဒဏ်ကိုခံနိုင်သော ဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာ့ပထမဆုံး ကိရိယာတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယား သိပ္ပံ ဝန်ကြီးဌာန၏ ပြောကြားခဲ့သည်။
ဆောက်လုပ်ပြီးစီးရန် အချိန် ၇ နှစ်ကြာ ယူခဲ့ရသည့် Danuri အာကာသယာဉ်သည် ၂၀၃၀ ခုနှစ်တွင် လကမ္ဘာပေါ်သို့ ခြေချနိုင်ရန် ရည်ရွယ်ထားသော တောင်ကိုရီးယားနိုင်ငံအတွက် လမ်းစဖွင့်သွားပေးမည်ဟု တောင်ကိုရီးယား သိပ္ပံပညာရှင်များက ဆိုသည်။
အဆိုပါ Danuri အာကာသယာဉ်၏ တစ်နှစ်တာ မစ်ရှင် အောင်မြင်ပါက တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် လပေါ်သို့ မောင်းနှင်သူမဲ့ ယာဉ်အား လွှတ်တင်နိုင်သည့် နိုင်ငံများထဲမှ သတ္တမမြောက်နိုင်ငံဖြစ်လာမည် ဖြစ်သည်။
Source: CNA