ဒို့တာဝန်အရေးသုံးပါး မပြိုကွဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တပ်မတော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရမှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ပြောသည်။
” သို့ပေမယ့် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)တချို့ဟာ NCA ပါ ကတိကဝတ်တွေကိုလိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြတာကို တွေ့ရှိနေရပါတယ်။ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ အမျိုးမျိုးသောပံ့ပိုးမှုတွေ ပါဝင်ပတ်သက်နေတာကိုလည်း နိုင်ငံသားတိုင်းသတိချပ်သင့်ကြပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့်လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိသည်ဟု ပြောသည်။
” လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာကိုလည်း အတိအလင်းကြေညာထားပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။