တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသည့် စက်ရုပ်ခွေးများအပါအဝင် လက်နက်တပ်ဆင်ထားကာ၊ တိုက်ပွဲဝင်နိုင်သည့် စက်ရုပ်များအနေဖြင့် လာမည့် ၂နှစ်တာကာလအတွင်း စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်ရန် အဆင်သင့်ဖြစ်လာမည်ဟု နိုင်ငံတကာ စစ်ရေးသုတေသီများ ဆိုကြသည်။
ယခုအခါ အင်တာနက်နည်းပညာနှင့် စက်ရုပ်နည်းပညာများ၊ မောင်းသူမဲ့ ကားများ၊ ဒရုန်းများ စသည့် နည်းပညာများတွင် တိုးတက်နေသော တရုတ်နိုင်ငံတွင် သုတေသနအဖွဲ့အသီးသီးကလည်း စက်ရုပ်အမျိုးမျိုးကို တီထွင်ထုတ်လုပ်ကာ ပြပွဲအသီးသီးတွင် ထုတ်ဖော်ပြသလျှက်ရှိကြသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း AI နည်းပညာဖြင့်ဖန်တီးထားသော စစ်ရေးကွပ်ကဲမှုကွန်မင်ဒါတပ်မှူး တစ်ဦးကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ သုတေသနဓာတ်ခွဲခန်းတွင် လက်တွေ့စမ်းသပ်ပြခဲ့သည်။
အဆိုပါ AI တပ်မှူးအား Virtual Commander ဟု ခေါ်ကြပြီး၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဓာတ်ခွဲခန်းနှင့် ဟေပေပြည်နယ်ရှိ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ ပညာရှင်များ ပူးတွဲ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးသော AI တပ်မှူးဖြစ်လာကြောင်း စစ်ရေးသုတေသီတို့က ပြောသည်။
AI တပ်မှူးအား ကွန်ပျူတာအတွင်း ဖန်တီးထားသော စစ်ပွဲတွင် စက်ရုပ်ခွေးများ၊ ဒရုန်းများ၊ မောင်းသူမဲ့စစ်ယာဉ်များ၊ မောင်းသူမဲ့စစ်သင်္ဘောများကို ဦးစီး၍ တိုက်ပွဲဝင်ခိုင်းခဲ့ရ လူသားတပ်မှူးတစ်ဦးထက် အမှားအယွင်းကင်းစွာဖြင့် ကွပ်ကဲနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အချက်အလက်အရပ်ရပ်ကို ထောက်ရှု၍ တရုတ်နိုင်ငံသည် လာမည့် နှစ်မကြာမီအတွင်း စက်ရုပ်တပ်မတော်တစ်ခုကို တည်ထောင်လာမည့် အလားအလာရှိကြောင်း နိုင်ငံတကာ စစ်ရေးသုတေသီတို့က ဆိုနေကြသည်။