ဒါနာ၊စက်တင်ဘာ ၁၇
လစ်ဗျားအရှေ့ပိုင်းရှိ ဒါနာမြို့၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူသည် ၁၁,၃၀၀ ထက်မနည်းရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏စနေနေ့ထုတ်ပြန်ချက်အရသိရှိရသည်။
ရွှံ့နှင့်အပျက်အစီးများအောက်၌ အသက်ရှင်ကျန်သူရှိနိုင်ဦးမည်လားဟူသောမျှော်လင့်ချက်ဖြင့် ရှာဖွေကယ်ဆယ်ရေးသမားများသည်လည်း မနားမနေကြိုးပမ်းကာဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟုလည်းဆိုသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)ကလည်း ဒါနာမြို့အပြင်ဘက်၌ပင် လူပေါင်း ၁၇၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟုဆိုသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်သူများ၏ မမောနိုင်မပမ်းနိုင်ရှာဖွေနေမှုများကြောင့်လည်း သေဆုံးသူများကို ထပ်မံတွေ့လာနိုင်သည်ဟုလည်းဆိုခဲ့သည်။
အနည်းဆုံး လူပေါင်း ၁၀,၁၀၀ ခန့်ပျောက်ဆုံးနေကာ သေဆုံးမှုသည် ၂၀,၀၀၀ အထက်သို့ရောက်ရှိရန်သေချာသလောက်ရှိသည်ဟုလည်းမြို့တော်ဝန်ကပြောကြားခဲ့သည်။ အိမ်ခြေတစ်သိန်းဝန်းကျင်ရှိ ဒါနာမြို့၌ လူပေါင်း ၄၀,၀၀၀ နီးပါးအိမ်ခြေရာမဲ့ဖြစ်ခဲ့သည်ဟုလည်းသိရသည်။
လစ်ဗျားရှိဒါနာမြို့၌ စက်တင်ဘာ ၁၂ ရက်နေ့တွင် မုန်တိုင်းဒယ်နီယယ်ကြောင့် ဆည်နှစ်ခုကျိုးကျခဲ့ပြီး ဆည်ကျိုးမှရေများက မြို့တစ်ခုလုံးနီးပါးကိုပင်လယ်ထဲသို့တိုက်စားယူဆောင်သွားခြင်းဖြစ်သည်။
ဒန်နီယယ်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသောဒေသမှ ကလေး ၃၀၀,၀၀၀ နီးပါးသည် ကာလဝမ်း၊အာဟာရချို့တဲ့မှု၊ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် ရေဓာတ်ခန်းခြောက်မှုအန္တရာယ်စသည့်ကျန်းမာရေးပြဿနာများပိုများလာနိုင်သည်ဟုလည်းဆိုကြသည်။
ဆည်ကျိုးမှုအား အာဏာပိုင်များ၏ စစ်ဆေးဆောင်ရွက်ချက်အရ ဆည်များ၏အခြေခံ အုတ်မြစ်မကောင်းခြင်းကြောင့်ဖြစ်ကြောင်းလည်းစုံစမ်းသိရှိခဲ့ရသည်။
Source :WION