လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်နှင့် ပုံစံ (၇)ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည်။
လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်များကို ပေးဆောင်ရမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့်တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရသတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနကသတ်မှတ်သည့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကိုပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရဘဲ စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသောဘဏ်တွင်သာ ပေါင်နှံရမည်ဟု ဆိုသည်။
ထိုနည်းတူ လယ်ယာမြေကို ရာသီသီးနှံ အမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရန်၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရန်၊ လယ်ယာမြေကိုလှပ်ထားရန် အကြောင်းတစ်စုံတရာ ပေါ်ပေါက်ပါက မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရန်၊ ယင်းသို့ လှပ်ထားခြင်းသည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်ထက်မပိုစေရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသောကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရန်လည်း ပါရှိသည်။
ထို့အပြင် လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူမည်သူ မဆို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသောအမိန့်ကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။