၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၅)ရက်တွင် လဟယ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီးမြို့နယ်တွင် ဇန်နဝါရီလ (၁၅)ရက်မှ (၁၇)ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်တွင် ကျရောက်မည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့် ကျောက်စိမ်းရတုအထိမ်းအမှတ် နာဂရိုးရာ နှစ်သစ်ကူးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ခန္တီးမြို့၊ နာဂရိုးရာ အားကစားကွင်းအတွင်း ဇန်နဝါရီလ (၇)ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများအဖြစ် အမျိုးသမီး/အမျိုးသား အလွတ်တန်း ဖူဆယ် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ နာဂနပမ်း၊ နာဂခွပ်တမ်း၊ နာဂလှံပစ်၊ နာဂမီးမွှေး၊ နာဂထင်းခုတ်၊ အမြင့်ခုန်၊ အလျားခုန်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၇) ရက်မှ (၁၄) ရက်အထိ (၈)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဖွင့်ပွဲတွင် အားကစားစစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်က အဖွင့်အမှာစကားပြောကြားကာ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားကော်မတီ ဥက္ကဋ္ဌ ဦးခေးရှင်(မ်)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။