ယခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသည့် လာနီညာ ရာသီဥတုအခြေအနေကြောင့် နောက်(၂)ရက်အတွင်း အအေးပိူလာနိုင်ကြောင်း မို့းလေဝသနှင့် ဇလဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းနိုင် ပြောကြားထားသည်။
ယနေ့ ဇန်နဝါရီ(၁၄)ရက် နံနက်(၆)နာရီဝန်းကျင်အချိန်သည် အအေးဆုံအချိန်တစ်ခု ဖြစ်ခဲ့ပြီး ညနေ (၂)နာရီနှင့် (၃)နာရီဝန်းကျင်သည် အပူဆုံးနှင့်အခြောက်သွေ့ဆုံး အခြေအနေရှိသည်ဟု ဆိုထားသည်။
ထို့ကြောင့် လာမည့် နှစ်ရက်အတွင်း နံနက်အစောပိုင်းတွင် ယနေ့ထက် အပူချိန်ထပ်မံကျဆင်းကာ အအေးပိုလာနိုင်ကြောင်းနှင့် နေ့လယ်ပိုင်းအချိန်များတွင် စိုထိုင်းဆ ၅၀% အောက် ကျဆင်း၍ ခြောက်သွေ့သည့် လေထုအခြေအနေကြောင့် မီးလောင်လွယ်သည့် ပတ်ဝန်းကျင်အခြေအနေဖြစ်ပေါ်စေသည့် အတွက် မီးဘေးအန္တရာယ်ကို သတိပြုကြရန် ဦးဝင်းနိုင်က တိုက်တွန်း နှိုးဆော်ထားသည်။
ယခုလအတွင်း ဖြစ်ပေါ်နေသည့် လာနီညာအခြေအနေနှင့်ပတ်သက်၍လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tro pical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေ အနေသို့ ရောက်ရှိကြောင်း အသိပေးထားသည်။
ယင်းကြောင့် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ထို့ပြင် လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ် လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။