လာမည့်နှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၏ ပထမဆယ်ရက်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် အအေးလှိုင်းဖြတ်မည်/အအေးပိုမည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ပြနေမှုများနှင့်ပတ်သက်၍ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။
မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ရှင်းလင်းအသိပေးချက်အရ ယနေ့ ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်အတွင်း စစ်ကိုင်း တိုင်း(အောက်ပိုင်း)တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်အောက်(၁ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒီဂရီဆဲလ်စီးယပ်ခန့်)၊ ကချင်ပြည်နယ်(အထက်ပိုင်း) တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်အောက်(၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်ခန့်) လျော့ကျနိုင်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်ထက်(၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၁ ဒီဂရီဆဲလ်စီးယပ်ခန့်)၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်ထက်(၁ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒီဂရီဆဲလ်စီးယပ်ခန့်)၊ ပဲခူးတိုင်း(အရှေ့ပိုင်း)နှင့် မကွေးတိုင်းတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်ထက်(၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်ခန့်)ပိုနိုင်ကာ ကျန်တစ်ပြည်လုံးတွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်အောက်လျော့ကျနိုင်သည့် တိုင်းနှင့်ပြည်နယ်မှာ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ကချင်ပြည်နယ် (အထက်ပိုင်း)တို့သာဖြစ်ပေါ်နိုင်သော်လည်း အနည်းငယ်မျှသောအအေးပိုခြင်းဖြစ်နိုင်၍ အအေးလှိုင်းဖြတ်မည်/အအေးပိုမည်ဆိုခြင်းများမှာမဟုတ်မှန်ဘဲ ဆောင်းရာသီ၏ ပုံမှန်အအေးဓာတ်ကိုသာ စတင်ရရှိခံစားလာရမည်သာဖြစ်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)က အသိပေးခဲ့သည်။