ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ ၏ အုပ်စုပွဲစဉ်အဖြစ် ဗီယက်နမ်နှင့်ပွဲစဉ်သည်အရေးကြီးသဖြင့် ရလဒ်ကောင်းရရန် ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုလက်ရွေးစင်အသင်းတို့၏ပွဲပြီးချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်းကစားရန် ခရီးစသွားရမည်ဖြစ်၍ ကစားသမားများ ခရီးမပန်းရန်၊ ဒဏ်ရာသက်သာရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကာ ဗီယက်နမ်အသင်းနှင့်ပွဲသည် အရေးကြီးသဖြင့် ရလဒ်ကောင်းရရန်ကြိုးစားသွားမည်ဟု ပြောသည်။
ထို့ပြင် ယှဉ်ပြိုင်ကစားခဲ့သည့် လာအိုအသင်းပွဲစဉ်နှင့်ပတ်သက်၍လည်း ပရိသတ်များ၏အားပေးမှု၊ ကစားသမားများ၏ ကြိုးစားမှု၊ နည်းပြအဖွဲ့ဝင်များ၏ ညီညွတ်စွာဆောင်ရွက်မှုတို့ကြောင့် နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးရခဲ့ခြင်းဖြစ်၍ အားလုံးကိုကျေးဇူးတင်သည်ဟု ပြောသည်။
“ နှစ်သင်းလုံး ကစားပုံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ တိုးတက်မှုရှိလာပေမယ့် ကြိုးစားရဦးမှာပါ။ မြန်မာအသင်းကို နောက်ဆုံးမိနစ်မှ အနိုင်ဂိုးပေးလိုက်ရလို့ စိတ်ပျက်စရာဖြစ်ပေမယ့် ကစားသမားတွေရဲ့ကြိုးစားမှုကို ကျေနပ်ပါတယ်”ဟု လာအိုအသင်းနည်းပြချုပ်ဟာဟေးဂျွန်ကပြောသည်။
ထို့အတူ လာအိုအသင်းနှင့်ပွဲစဉ်၌ မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားမောင်မောင်လွင်သည် အဝါကတ်ပြခံခဲ့ရပြီး ၎င်းမှာအင်ဒိုနီးရှားအသင်းနှင့်ပွဲစဉ်တွင်လည်း အဝါကတ်ပြခံခဲ့ရပြီးဖြစ်၍ နှစ်ဝါဖြစ်သွားခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ရာ ဗီယက်နမ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင်ပါဝင်လာနိုင်မည်မဟုတ်ကြောင်း သိရသည်။