ရှမ်း/မြောက် လားရှိုး-မိုင်းကျက်- မိုင်းယော်သွားလမ်းပိုင်းရှိ မိုင်းယော် (ဖွန်ချောင်)တံတားမှာ ယမန်နေ့ဒီဇင်ဘာ (၂၅) ရက် မွန်းလွဲပိုင်းအချိန်ခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ လမ်းပိုင်းအတွင်း သွားလာနေသည့် ခရီးသွားယာဉ်မောင်းတစ်ဦးထံက သိရသည်။
“မနေ့က နေ့လယ်ပိုင်းလောက်မှာ ကျိုးကျသွားတာပါ။ ဘာ့ကြောင့်လဲဆိုတော့ တံတားက နှစ်ကြာတာမျိုးလည်းဖြစ်တာပါတယ်၊ ကုန်တင်ကားတွေ အများဆုံးသွားလာတာဆိုတော့ တံတားက ခံနိုင်ဝန်နဲ့မမျှဘဲ ကျိုးသွားတာပေါ့။ ပြန်ပြင်ဆင်မယ်လို့လည်းကြားပါတယ်။ မပြင်လို့လည်းမရဘူး။ သူက ဒီတစ်ကြောမှာ ကုန်စည်သယ်ဆောင်တဲ့ အဓိကလမ်းပိုင်းလိုဖြစ်နေတာ”ဟု ၎င်းက ရှင်းပြသည်။
ယခု ကျိုးကျပျက်ဆီးခဲ့သည့် မိုင်းယော်(ဖွန်ချောင်)တံတားသည် ကွမ်းလုံ၊ ကာမိုင်း၊ မိုင်းတင်၊ ပန်ရှော်၊ မန်ပြိန်း၊ ပန်ခမ်း၊ မိုင်းယော်၊ မိုင်းကျက်နှင့် တာပုံရွာတို့ကို ဆက်သွယ်သွားလာရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လားရှိုး – မိုင်းယော် လမ်းပိုင်းသည် ရှမ်း/မြောက်တိုက်ပွဲများအပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး၊ လက်ရှိတွင် UWSA က ယခုနှစ်ဩဂုတ်လအတွင်းမှစတင်ကာ စခန်းချ လုံခြုံရေးပြန်လည် ယူဆောင်ထားကြောင်း သိရသည်။