လုံခြုံရေးအရ တစ်ရက်ကြာ ဖြတ်သန်းခွင့်ပိတ်ထားသည့် မြိတ်လမ်းပိုင်းကို ယမန်နေ့ ဒီဇင်ဘာ (၁၉)ရက်တွင် ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းမှစတင်၍ ကော့သောင်း – ဘုတ်ပြင်းမှတဆင့် မြိတ်မြို့သို့ တက်မည့် ယာဉ်အစီးရေ (၁ ၀၀) ခန့်အား လုံခြုံရေးအရ ယာယီဖြတ်သန်းခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။
“မနေ့က (၁၂) နာရီလောက်မှာ ဖြတ်ခွင့်ပြုလိုက်ပါတယ်၊ တော်သေးတာပေါ့။ ယာဉ်အစီး (၁၀၀)ကျော်တာ နည်းတာမှမဟုတ်တာ။ တစ်ညလောက် ဒုက္ခခံလိုက်ရတာပေါ့”ဟု ၎င်းက ဆိုသည်။
ဖြတ်သန်းခွင့်ပိတ်သည့်နေရာမှာ မြိတ်လမ်းပိုင်းပေါ်ရှိ အေးသာယာရွာအနီး တပ်မတော်က လုံခြုံရေးဆောင်ရွက်နေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်း တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများတိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးအရ ပိတ်ထားခြင်းမျိုး ရှိလေ့ရှိပြီး၊ ယခုနှစ်မေလ အတွင်းကလည်း တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်းတွင် ခရီးသွားကားများ ရက်ကြာရှည်ပိတ်မိနေကာ ကြန့် ကြာမှုများဖြစ်ပွားခဲ့ရသေးသည်။