တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည်ဟု မြေပြင်စစ်ရှောင်အရေးအထောက်အကူပြုအဖွဲ့တစ်ခုထံမှ သိရသည်။
အဆိုပါ လောင်းလုံးမြို့နယ် ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လယ်ကမ်းခြေရွာများဖြစ်သည့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတ္တပ်၊ ကြက်လွှတ်၊ ထောက်နန်းစသည့် ကျေးရွာများသို့ တိမ်းရှောင်နေကြရသူများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသတွင်းနှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ဖြတ်၍ စားနပ်ရိက္ခာ သယ်ယူရသဖြင့် ယင်းနေရာများသို့ မသွားလာရဲကြဘဲ စားနပ်ရိက္ခာပြတ်လပ်နေကြခြင်းလည်းဖြစ်သည်။
လက်ရှိတွင် ဒေသခံ စစ်ရှောင်များမှာ မိမိအစုဖြင့် ကိုယ့်အစုနဲ့ကိုယ်နေထိုင်ကြပြီး လာရောက်ကူညီလှူဒါန်းခြင်းများကိုသာ အဓိက စားသောက်နေရကြောင်းနှင့် အချို့မှာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ကာ ရရှိလာသည့် ငါးများကို စားသောက်ရေးဖြေရှင်နေရကြောင်း ဆိုသည်။
“ပင်လယ်ကမ်းခြေနားက ရွာတွေကို စစ်ရှောင်နေကြတာပေါ့။ ရက်ကြာလာတော့ စားသောက်ရေး အခက်ကြုံနေကြတာ။ ကုန်းလမ်းကြောင်းကသွားရင်လည်း နှစ်ဖက်တိုက်ပွဲအကြားညပ်မှာလည်းစိုးနေကြတာပေါ့။ အခုက ရှိတဲ့ဆန်လေးတောင်သူတို့မျှတပြီးစားနေရတယ်လို့ပြောတယ်”ဟု လောင်းလုံးမြို့ စစ်ရှောင်အရေးတစ်ပိုင်တနိုင်ဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။
နှစ်ဖက်တပ်များအနေဖြင့် ယခုနှစ်စပိုင်းမှစတင်၍ လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ပင်လယ်ပြင်အနီး ရွာများအထိ တိုက်ပွဲများ ပြင်းထန်လာနေပြီး၊ လောင်းလုံးတောင်ဘက်ရှိ ကျောက်နီမော်ကျေးရွာ၌ လူနေအိမ်များ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။