တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မတ် ၂၂ ရက်နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က နေအိမ်တစ် လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ် (၁၈)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ(၁၀၀)ခန့်မီး ဘေးသင့်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတွင် နေအိမ်တစ်လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အမျိုးသမီး(၃)ဦးနှင့် ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်(၃)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ကြပြီး မီးလောင်မှုကြောင့် နေအိမ်(၁၈)လုံးပျက်စီးဆုံးရှုံးခဲ့၍ ယင်း နေအိမ်များရှိ လူဦးရေ(၁၀၀)ခန့်မှာ မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ မီးဘေးသင့်အိမ်ထောင်စုများအတွက်လိုအပ်သည့် အဝတ်အထည်များကို ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကာ ပါဝင်ထောက်ပံ့လှူဒါန်းလိုသူများအနေဖြင့် အသင့်စား စားစရာများ၊ စားသောက်ကုန်များ၊ အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များနှင့် အမျိုးသမီးအသုံးအဆောင်များကိုလှူဒါန်းနိုင်သည်ဟု ယင်း အဖွဲ့ကအသိပေးခဲ့သည်။
Photo-ဇဗ္ဗူသီရိအဖွဲ့