လိုအပ်နေသည့် လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်တမံများ ထပ်တည်ဆောက်သွားရန် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ပြောသည်။
ဇန်နဝါရီ (၇) ရက်၌ ပြုလုပ်သည့် ကော်မရှင်အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယင်းကဲ့သို့ပြောကြားခြင်း ဖြစ်သည်။
ပြောကြားရာ၌ အနိမ်တမံတည်ဆောက်ရန် မြစ်ကြောင်းတလျှောက် နေရာ (၁၆) ခုရှိပြီး ယင်းထဲမှ ဦးစားပေး (၄) နေရာ ၌ (၁)နေရာကို အကျိုးအပြစ်များ စီစစ်တင်ပြရန် နိုင်ငံတော်
အကြီးအကဲက လမ်းညွှန်ထားပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။
ထို့ပြင် ရေအားနှင့် လျှပ်စစ်ထုတ်ခြင်းအပြင် သဘာဝဓာတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရန် ကြိုးစားနေကြောင်းလည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ တစ်နေ့လျှင် လျှပ်စစ်မီး အချိန်ပိုင်းသာရရှိမည် ဖြစ်ကာ မီးပျက်မှုပိုမိုဆိုးလာနေသည်။
တဖက်တွင်လည်း လက်ရှိတွင် ဖြစ်ပေါ်နေသော ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ (၆) ရက်က ပန်ကြားသည်။
ပန်ကြားချက်၌ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရကာသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိလျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည် လျော့နည်းနေကြောင်းဆိုသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူများ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်သည့် လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။