လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် အခြေခံမူများမည်မျှဖော်ဆောင်နိုင်ခဲ့ပြီကို ပြန်လည်သုံးသပ်ကြရန် အရေးတကြီး လိုအပ်နေသော ကာလဖြစ်သည်ဟု ယနေ့ ဇန်နဝါရီ (၄) ရက်၌ ကျရောက်သည့် (၇၇)ကြိမ် လွတ်လပ်ရေးနေ့ အတွက် ပြည်သူ့ပါတီ၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။
ပြည်သူ့ပါတီ၏ သဝဏ်လွှာတွင် “ ၁၉၄၇ ခုနှစ် ဖွဲစည်းပုံအခြေခံပဒေတွင် နယ်စပ်ဒေသများနှင့် ကရင်နီနယ်များ အပါအဝင် မြန်မာနိုင်ငံသားများဖြစ်သော ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သော မြန်မာနိုင်ငံ ကို အခိုင်အခံ့ အညီအညွတ် ထူထောင်ရန် သန္နိဌာန်ချ၍ လည်းကောင်း တရားမျှတခြင်း လွတ်လပ်ခြင်း ညီမျှခြင်းတည်းဟူသော လောကပါလ တရားများကို အခြေပြုကာ လူသတ္တဝါ ခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နိဌာန်ချ၍ လည်းကောင်း၊ လူမှုဆက်ဆံရေး၊ တရားမျှတမှု စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာတွေးကြံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်စသည်တို့သို့ သွားလာ ဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသန ရှားမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုမှု ဆောင်ရွက်နိုင်မှု၊ အဆင့်အတန်း ညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဉပဒေအရာတွင် ညီမျှမှု တို့ကို နိုင်ငံသားအားလုံး ရရှိခံစား နိုင်စေခြင်းငှာ အခိုင်အမာခံဝန်ပြုရန်သံန္နိဌာန်ချ၍ လည်းကောင်း ဟူ၍ ရှင်းလင်းတိကျစွာ ရေးသားချမှတ်ခဲ့ကြပါသည်ဟု ပါရှိသည်။
ထို့ကြောင့် ယနေ့နိုင်ငံတော်၏ အဘက်ဘက်မှ ယိုးယွင်းပျက်ဆီးနေသော အခြေအနေများကို အချိန်မီ ပြန်လည်ကုစားနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ လွတ်လပ်ရေအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော တိုင်းရင်းသား ခေါင်းဆောင်အသီးသီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့ဂုဏ်ပြုလျှက် လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော အခြေခံမူများ ရည်မှန်းချက်များကို ပြန်လည်နှလုံးသွင်း ဖော် ဆောင်ကြရန်(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယတွင်လေးနက်စွာ တိုက်တွန်း နှိုးဆော်သည်ဟု ဖော်ပြပါရှိသည်။