လက်နက်ကိုင်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လွိုင်ကော်တက္က သိုလ်မှအဆောက်အဦးများကိုပြန်လည်ပြုပြင်ရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်ဟု နစက အတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။
၎င်းမှ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်တွင် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုကြောင့် အဆောက်အအုံများပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားမှုများကြောင့် ဘေးသင့်ခဲ့ရမှုများသည် သ ဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုသည့် သတ်မှတ်ချက်အတွင်းအကျုံးဝင်သည်ဟု ပြောသည်။
ထို့ကြောင့် လွိုင်ကော်တက္ကသိုလ်အတွင်း၌ လက်နက်ကိုင်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့ရမှုများအား ပြုပြင်တည်ဆောက်ရာတွင် အထူးကိစ္စရပ်အဖြစ်သတ်မှတ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကို သုံးစွဲဆောင်ရွက်သွားမည်ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ရာ၌ လုပ်ငန်းများအချိန်မီပြီး စီးရေးနှင့် တက္ကသိုလ်၏လိုအပ်ချက်များကိုက်ညီရန် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန် ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့မှ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျအမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဟု မှာကြားသည်။
” ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ ကဏ္ဍရပ်တစ်ခုအနေနဲ့အရေးပါတဲ့ လွိုင်ကော်တက္ကသိုလ် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အလေးထားဆောင်ရွက်ကြရပါမယ်။ လွိုင်ကော်တက္ကသိုလ်ကို မဖြစ်မနေပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရမှာက နိုင်ငံတော်ရဲ့တာဝန်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက မှာကြားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့က KNPP/KNDF အဖွဲ့နှင့် PDF အဖွဲ့ဝင်များသည် အင်အားအများအပြားဖြင့် လွိုင်ကော်တက္က သိုလ်တွင် လုံခြုံရေးတာဝန်ယူနေသည့် လုံခြုံ ရေးအဖွဲ့ဝင်များအား လက်နက်ကြီး၊ ေ-သနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ကာ တက္ကသိုလ်အ တွင်းသို့ဝင်ရောက်လာပြီးနောက် အဆောက်အ အုံများကိုဖျက်ဆီးပြီး တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများနှင့် ပညာရေးဝန် ထမ်း(၁၃၂)ဦးနှင့်အတူ မိသားစုဝင် (၆၄)ဦး (စုစု ပေါင်း ၁၉၆ ဦး)နှင့် ကျောင်းသားများကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာ ၁၃ ရက်တွင်ဖြေဆိုရမည့် အဝေးသင်တက္က သိုလ် တတိယအသုတ်စာမေးပွဲကျင်းပနိုင်ခြင်းမရှိဘဲ လွိုင်ကော်တက္ကသိုလ်ကိုပိတ်ခဲ့ရသည်။
လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက လွိုင်ကော်မြို့၏အခြေအနေအား တည်ငြိမ်အောင်ထိန်းချုပ်ခဲ့ကြပြီးနောက် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်မှစ၍ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့ကိုပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လွိုင်ကော်တက္ကသိုလ်အားပြန်လည်ဖွင့်လှစ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။