ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်းပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊ နေဖို့ဆိုရင်၊ အခြေအနေ ကြည့်နေကြတုန်းပါ” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
နေထိုင်နိုင်သည့် မြို့ပေါ် (၅)ရပ်ကွက်သည် နောင်ယား (က) ရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ထေးသမ ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက်များ ဖြစ်ကြသည်။
ယင်းရပ်ကွက်များသည် ပြီးခဲ့သည့် ကာလအတွင်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့ဖူးသည့် နေရာများဖြစ်သည်။
လက်ရှိတွင် မြို့တွင်း၌လည်း လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်း ပုံမှန်ပြန်လည်ရရှိရန်နှင့် ဌာနဆိုင်ရာရုံး ၊ ဈေး ၊ တက္ကသိုလ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း သက်ဆိုင်ရာက ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နှင့် ဆီဆိုင်မြို့များတွင် ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအတွက် နစက ဥက္ကဋ္ဌ သွားရောက်ခဲ့သေးသည်။