ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက်လွိုင်မွေ ဒေသချယ်ရီပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွိုင်မွေဒေသတွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော် ၂၀၂၅ ကို ဇန်နဝါရီလ (၁) ရက်မှ (၅) ရက်အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ် ဆောင်းရာသီကာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ချယ်ရီပန်းများပွင့်ဖူးချိန်တွင် ရက်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပလေ့ရှိကြောင်း သိရသည်။
လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက်ကြည့်ရှု၍ ဓာတ်ပုံရိုက်လေ့ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ချယ်ရီပန်ပွဲတော်ကာလ ငါးရက်အတွင်း နံနက် (၉) နာရီမှ (၁၁) နာရီအထိ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုံရှမ်း၊ အာခါ၊ လားဟူ၊”ဝ”၊ လီ ဆူ၊ လွယ်၊ အားခေ တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် စသည့် အကြောင်းအရာကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။
လွိုင်မွေတောင်စခန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၅၅၄၂) တွင် တည်ရှိပြီး အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ်စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့်နေရာများ များပြားသည့်အပြင် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများ ပွင့်ကြသော်လည်း လွိုင်မွေ ချယ်ရီပန်းများ ဒေသကဲ့သို့ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာ ရှားပါးကြောင်း သိရသည်။