ရန်ကုန်မြို့၊ Sky Star Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသက်ကြီးဂီတအနုပညာရှင်များကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ရက်၊ နေ့ခင်းပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာ ဂီတသက်ကြီးပူဇော်ပွဲအခမ်းအနားအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလည်း ဂါရ၀ပြုလက်ဆောင်များ၊ ဂါရ၀ပြုကန်တော့ငွေများပေးအပ်တဲ့အစီအစဉ်ပါဝင်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ(ရန်ကုန်တိုင်းစစ်ဌာနချုပ်)မှ ကန်တော့လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ အရင်နှစ်တွေတုန်းက အသက် ၈၀ကျော်သူတွေကိုသာ ပူဇော်ပွဲပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်မှာတော့ အသက် ၇၅နှစ်ကနေစတင်ပြီး ပူဇော်ကန်တော့ခံခဲ့ကြောင်း၊ ယခုနှစ်အတွက် အသက် ၈၀နှစ်နှင့်အထက် ၇၈ဦး၊ အသက် ၇၅နှစ်နှင့်အထက် ၅၁ဦး၊ စုစုပေါင်း ၁၂၉ဦးကို ပူဇော်ကန်တော့ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ သက်ကြီးပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာတဲ့ လူငယ်အနုပညာရှင် နီနီခင်ဇော်ကလည်း…
“ဂီတအစည်းအရုံးဆိုတဲ့ခေါင်းစဉ်အောက်မှာ ဂီတအလွှာအသီးသီး တတ်သိပညာရှင်များစွာနဲ့ တစ်စုတစ်စည်းတည်းတွေ့ရတဲ့အတွက် ၀မ်းသာရပါတယ်။ နီနီတို့အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် တကယ်ကို ဂီတသက်တမ်း အနုအငယ်ဆုံးလို့ထင်ရပါတယ်။ အားလုံးဟာ မြန်မာပြည်ရဲ့ ဂီတသမိုင်းကို ရေးခဲ့တဲ့ သူတွေဆိုတော့ ရင်ထဲမှာ တစ်မျိုးခံစားရတယ်” လို့ ပြောပါတယ်။ သူမအနေနဲ့လည်း ပွဲလမ်းသဘင်တွေများတဲ့ကြားထဲက မဖြစ်မနေလာရောက်ဂါရ၀ပြုတာဖြစ်ပါတယ်။ သက်ကြီးဂီတအနုပညာရှင်များကန်တော့ပွဲမှာ အသက် ၈၀နှစ်နှင့်အထက်ကို ငွေကျပ် နှစ်သိန်းတိတိ၊ အသက် ၇၅နှစ်နှင့်အထက်ကို ငွေကျပ် တစ်သိန်းငါးသောင်းတိတိကို ဂါရ၀ပြုခဲ့ကြတာဖြစ်ပါတယ်။
မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း