ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်ကာလမရောက်မီ အကြိုရက်များကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းပြည့်သည့်အပြင် ရပ်ကွက်အတွင်းရှိ လုံးခြင်းအိမ်ငှားတည်းခိုလို့ရသည့် နေရာများသည်လည်း ပြည့်နေကြောင်း သိရသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာအနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်းပြီး လာရောက်အပန်းဖြေသူများပြားလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ဦးဆောင်ပြီး တာဝန်ရှိသူများအဖွဲ့က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များ၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် သွားရောက်လည်ပတ်မှုများအပြင် ဒေသထွက်အစားအစာ၊ အမှတ်တရ ပစ္စည်းရောင်းချရာနေတို့တွင်လည်း စည်ကားလျက်ရှိကြောင်း သိရသည်။