မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသည့် နယ်မြေကို “ကဏန်းကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်သည်။
ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့်အတူစီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ယင်းအပြင်ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန် လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်နှင့် ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ဂဏန်း၊ ပုစွန်စသည့် ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကဏန်းကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ဒီရေတော အဓိကသစ်မျိုးများဖြစ်သည့် သမဲ့၊ ကန့်ပလာ၊ ဓနိစသည့် ဒီရေတောသစ်ပင်များအား ထိန်းသိမ်းနိုင်မည့်အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာစသည့် သစ်မျိုးများ စိုက်ပျိုးတည်ထောင်ထားသည့် ဒီရေတောစိုက်ခင်းများကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။