ငလျင်ဒဏ်သင့်ဒေသများအတွက် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း၏မတည်မှုဖြင့် ဒေသခံများပါဝင်လှူဒါန်းသည့် ကျပ်သိန်း (၄,၀၀၀)ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို လှူဒါန်းပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဝါး၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများကို တာချီလိတ် တာ့ဟွာတရုတ်ဘုံကျောင်း ဂေါပကအဖွဲ့ဝင်များမှဦးဆောင် မတည်၍ မြို့သူမြို့သားများ၏ ဝိုင်းဝန်းထည့်ဝင် လှူဒါန်းမှုဖြင့် ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ (၁) ရက်မွန်းလွဲပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ပထမအကြိမ် ပို့ဆောင်လှူဒါန်းခဲ့ကြသေးပြီး၊ နှစ်ကြိမ်ပေါင်းလှူဒါန်းမှု ကျပ်သိန်း (၄,၀၀၀)ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှု နှစ်ကြိမ်၌ ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ Dead body ထည့်ရန်အိတ်များ၊ အစာခြောက်ထုပ်များ၊ ဟင်းချက်ဆီများ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ၊ သောက်ရေသန့်ဗူးများ၊ ကျန်းမာရေး အထောက် အကူပြု ဆေးဝါးများ၊ ဓာတ်ဆားရည်များနှင့် အဝတ်အထည်များပါဝင်ပြီးမန္တလေးတရုတ်ယူနန်ဘုံကျောင်း ဂေါပကအဖွဲ့မှတဆင့် ငလျင်ဒဏ်သင့်ဒေသများသို့ လက်ဝယ်အရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။