ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ သမိုင်းဝင်ဒလသင်္ဘောကျင်း၏ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားအား ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ရှေးဟောင်းဒီဇယ်စက်ပြင်ရုံအတွင်းကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သမိုင်းဝင်ဒလသင်္ဘောကျင်း၏ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ပြန်လည်အဆင့်မြှင့်တင်မွမ်းမံတည်ဆောက်ထားသော အမှတ်-၁ လွန်းလမ်း၊ လွန်းလှည်းအသစ်နှင့် တန်-၁၅၀၀ တွဲရေယာဉ်အသစ်တို့ကို ဒုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖွင့်လှစ်ပေးခဲ့သည်။
အလားတူ အခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေကြောင်းကဏ္ဍမှ ထောက်ပံ့ပေးနိုင်ရန်တီထွင်ကြံဆမှုများပြုလုပ်ကြရမည်ဟု ထည့်သွင်းမှာကြားသည်။
ထို့အတူ မြစ်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ရေး၊ မြစ်တွင်းကုန်စည်ပို့ဆောင်မှုမှ ကမ်းရိုးတန်းခရီးစဉ်နှင့် ရေကြောင်းကုန်စည်ပို့ဆောင်မှု၊ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှု၊ ကမ်းရိုးတန်းခရီးစဉ်ဖြင့် မြစ်တွင်းခရီးစဉ်ပေါင်းစပ်ပြီး ရေကြောင်းကုန်စည် ပို့ ဆောင်မှုစနစ်များ ပိုမိုထိုးဖောက်တိုးမြှင့်ပို့ ဆောင်နိုင်ရန် ဆောင်ရွက်ကြရမည်ဟုလည်း မှာကြားသည်။
ထို့ပြင် နိုင်ငံပိုင်သင်္ဘောကျင်းများအနေဖြင့် ရေရှည်ကိုမျှော်မှန်းပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားစွာကြိုးပမ်း ဆောင်ရွက်ရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ ဒလသင်္ဘောကျင်းသည် ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအ နက် ရှေးအကျဆုံးနှင့် အကြီးဆုံးသင်္ဘောကျင်းကြီးတစ်ခုဖြစ်သည်။
ခေတ်အဆက်ဆက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်များအား စီမံချက်နှင့်အညီမွမ်းမံခြင်း၊ ပို့ဆောင်မှုလိုအပ်ချက်နှင့် ဒေသရေကြောင်းအခြေအနေလိုအပ်ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ပေးခြင်း၊ ရေယာဉ်သစ်တည် ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများတွင်လိုအပ်သော ရေယာဉ်ဆိုင်ရာပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာပစ္စည်းများထုတ်လုပ်ပေးခြင်း၊ တီထွင်စမ်းသပ်ပေးခြင်း၊ အခြားဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ရေယာဉ်များကိုတည်ဆောက်ပြင်လဆင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခြင်းတို့ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒလသင်္ဘောကျင်းသည် အလွန်ရှေးကျသော သမိုင်းဝင်သင်္ဘောကျင်းဖြစ်သောကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အဦများ၊ လွန်းကျင်းလွန်းလမ်းများ၊ စက်ကရိယာများ အိုမင်းဟောင်းနွမ်းကာ စွမ်းဆောင်ရည်လျော့နည်းလျက်ရှိရာ နစက ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် လွန်းကျင်းလွန်းလမ်းများပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း၊ စက်ကိရိယာအသစ်များတပ်ဆင်ခြင်း၊ အဆောက်အဦများ ပြန်လည်မွမ်းမံခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။