ဝါရှင်တန်၊မတ် ၁၄
အမေရိကန်သမ္မတထရမ့်ပ်က ၎င်း၏အစိုးရအနေဖြင့်ရုရှား သမ္မတပူတင်နှင့်ဆွေးနွေးခဲ့ရာ၌ များစွာအကျိုးဖြစ်ထွန်းခဲ့ပြီး နောက်ဆုံးတွင် ဆိုးရွားလှသည့် သွေ-းထွက်သံယိုစစ်ပွဲကို အဆုံးသတ်နိုင်တော့မည့်အခွင့်ကောင်းမျိုးလည်းရလာတော့မည်ဖြစ်ကြောင်းထရမ့်ပ်က ၎င်း၏လူမှုကွန်ရက်၌ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ ရုရှားတပ်ရဲ့ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရပြီး ဆိုးဆိုးရွားရွားအခြေအနေ၊ အကာအကွယ်မဲ့နေတဲ့ အခြေအနေမျိုးကိုရောက်နေတာပါ” ဟုလည်း ၎င်း၏ပို့စ်တွင်ထည့်သွင်းရေးသားထားသည်။
“ဒီတပ်ဖွဲ့ဝင်တွေကို အသက်ချမ်းသာပေးဖို့ သမ္မတပူတင်ကို ကျွန်တော်အလေးအနက်မေတ္တာရပ်ခံတောင်းဆိုထားပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။
ယူကရိန်းတပ်များသည် ၂၀၂၄ ခုနှစ်၊ဩဂုတ်လက ရုရှားနိုင်ငံရှိ ကာ့စ်ဒေသကို ထိုးစစ်ဆင်ခဲ့ပြီး စတုရန်းကီလိုမီတာ ၁,၃၀၀ ခန့်ကိုသိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ယခုလတ်တလောကာလအတွင်း ရုရှားတပ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အခြေအနေဆိုးရွားလာသည်ဟုလည်းသိရသည်။
ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့်လည်း ယူကရိန်း – ရုရှားအရေး၌ အမေရိကန်သမ္မတထရမ့်ပ်၏ ရပ်တည်ချက်ကို ထောက်ခံအားပေးကြောင်း ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။
သို့သော် အချို့သောမဖြေရှင်းရသေးသည့်ပြဿနာများနှင့်ပတ်သက်၍ အနည်းငယ်စိုးရိမ်ပူပန်မိကြောင်း၊ သမ္မတပူတင်အနေဖြင့် သမ္မတထရမ့်ပ်၏ ရပ်တည်ချက်နှင့်ပတ်သက်ပြီး အကောင်းမြင်ကြောင်းပြောကြားခဲ့သည်ဟုလည်း ပက်စကော့ဗ်ကဆိုခဲ့သည်။
Source : ရှင်းဟွာ