ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက် နောက်ဆုံးထားလျှောက်ထားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားသည်။
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားခြင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၈) ရက်မှစတင်၍ လျှောက်ထားရန် အသိပေးကြေညာထားပြီးဖြစ်သည်။
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ဒီဇင်ဘာလ (၆)ရက်မှ စတင်၍ သိပ်သည်းဆ ၁၉.၂၅ ဂရမ်နှင့်အထက်ရှိသော စံချိန်မီရွှေ (၁) ကျပ်သား(၁၆.၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်းမပြုလုပ်သူများနှင့် သတ်မှတ်ထားသည့် ရက်အတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသည့်သူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့သည် အောက်တိုဘာ (၂၄) ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့် အမိန့်ကို ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၊ (၂၅) ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။