တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် တိုင်းပြည်ကာကွယ်ရေးအတွက် စစ်မြေပြင်တွင် ရှေ့တန်းကျကျတိုက်ပွဲဝင်နေကြရသည့် တပ်မတော်သားများကဲ့သို့ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် ရဲမေများနှင့် မိသားစုဝင်များသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက်အရေးကြီးသည့် အရန်အင်အားများဖြစ်သည်ကို ဂုဏ်ပြုပြောကြားသည်။
” တပ်မတော်သားတွေရဲ့ ပါရမီဖြည့်ဖက်ပီပီ သင်ကြားတတ်မြောက်ထားတဲ့ စစ်ပညာတွေနဲ့ နိုင်ငံနဲ့လူမျိုးအကျိုးအတွက် အသက်ကိုပဓာနမထားပဲ တိုက်ပွဲဝင်ခဲ့ကြတာကိုလည်းဂုဏ်ယူဖွယ် တွေ့မြင်ရပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏အခြေခံသည် တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခများကင်းဝေးရမည်ကိုလည်း ထည့်သွားပြောကြားသည်။
ထို့အတူ ပြည်နယ်အရေး၊ လူမျိုးစုအရေးဟူသည့်ခေါင်းစဉ်များဖြင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများ၏ ဘဝများထိခိုက်နစ် နာဆုံးရှုံးမှုမရှိစေရန် လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများကိုပေးရမည်မှာ တပ်မတော်၏တာဝန်ဖြစ်ရာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို အမြစ်စွဲမှုမရှိအောင် တားဆီးကာကွယ်သွားကြရမည်ဟု မှာကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးချုပ် (၄)ဦး၊ ဗိုလ်မှူးကြီး(၂)ဦး၊ ဒု-ဗိုလ်မှူးကြီး(၈)ဦး၊ ဗိုလ်မှူး(၉)ဦး၊ ဗိုလ်ကြီး(၄)ဦး၊ အရာခံဗိုလ်(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦး၊ တပ်ကြပ်(၃)ဦး၊ ဒု-တပ် ကြပ်(၂)ဦးတို့အား ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့သည်။