သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲကို ယခုလ ဒီဇင်ဘာ (၂၇)ရက်မှ (၃၁)ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်ပွဲကို သံဖြူဇရပ်မြို့လယ်ရှိ ပန်းခြံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ တပ်မတော်က လုံခြုံရေးဆောင်ရွက်မှုများ အထူးတင်းကြပ်ထားကြောင်း သိရသည်။
သံဖြူဇရပ်မြို့တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အပါအဝင် ဒေသခံ ကလေ-းငယ်များ၏ ကပြဖျော်ဖြေမှုများနှင့်ကျော်ပွဲရွှင်ပွဲများထည့်သွင်းကာ စည်ကားသိုက်မြိုက်အောင်ပြုလုပ်သွားမည်ဟု သိရသည်။
“အခုက ပြင်ဆင်နေကြပြီပေါ့။ မြို့ထဲမှာလည်း လုံခြုံရေးတွေ ချထားတယ်။ ကင်းပတ်တာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ နှစ်သစ်ကူးနေ့နဲ့ပါ တိုက်နေတော့ စည်ကားမှာပါ။ နယ်မြေက မွန်လက်နက်ကိုင်အဖွဲ့အစည်းတွေ နှောင့်ယှက်မှာကိုလည်း စိုးရိမ်ရတယ်။ ဒါကြောင့် လုံခြုံရေးကို အဓိကထားလုပ်နေတာတွေ့ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပွဲတော်အတွက် ကျပ်သိန်း(၁,၀၀၀) အကုန်အကျခံ ဆောင်ရွက်သွားရန် သိရသော်လည်း ၎င်းအနေဖြင့်အတည်ပြုပြောဆိုနိုင်ခြင်းမရှိကြောင်းနှင့် ပွဲတော်စည်ကားသိူက်မြိုက်ရေးအတွက် မြို့ခံလူထု၏ ပံ့ပိုးမှုများလည်း ပါဝင်ကြောင်း ဖြည့်စွက်ဆိုသည်။