သြစတြေးလျ နိုင်ငံရှိဓါတ်ခွဲခန်းတစ်ခုမှ ေ-သစေလောက်သော ဗိုင်းရပ်စ်များပါဝင်သည့် ဓါတ်ခွဲခန်းဖန်ပြွန် ၃၀၀ ကျော် ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ စိုးရိမ်ရကြောင်း ထင်ရှားသည့် ထိုင်း ဦးဏှောက်နှင့်အာရုံကြောအထူးကုဆရာဝန် ဒေါက်တာ သီရာဗတ် ဟီမချူဒါက ထုတ်ဖော်ပြောဆိုသည်။
ပျောက်ဆုံးသွားသော ဗိုင်းရပ်စ်ပိုးများတွင် Hendra virus Lyssavirus နှင့် Hantavirus တို့လည်းပါဝင်ပြီး ယင်းဗိုင်းရပ်စ်ပိုးများသည် ဇီဝလုံခြုံမှု အမြင့်ဆုံးအဆင့်ဖြင့် ထိန်းသိမ်းထားရန် လိုအပ်သော BSL-4 ရောဂါပိုးများအဖြစ် ခွဲခြားသတ်မှတ်ခံထားရသည်။
ကူးစက်မှုမြင့်မားသော ယင်းဗိုင်းရပ်စ်များ ပျောက်ဆုံးသွားခြင်းနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများကို သီရာဗတ်က ဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော ပို့စ်တွင် မီးမောင်းထိုးပြထားသည်။ ယင်းဗိုင်းရပ်စ်များ၊ မသမာသူများ လက်တွင်းရောက်ရှိသွားနိုင်ခြေ သို့မဟုတ် အန္တရာယ်များသော ရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးချသွားနိုင်ခြေအတွက် စိုးရိမ်ကြောင်း သူက ဖော်ပြခဲ့သည်။
အဆိုပါဖြစ်ရပ်သည် မော်လီကျူးဗိုင်းရပ်စ်ဗေဒသုတေသီ အေနန် ဂျွန်ကောဝပ်တနာအပါအဝင် အခြားသော ပညာရှင်များအကြားလည်း ဆွေးနွေးစရာအကြောင်းအရာဖြစ်စေခဲ့သည်။ သီရာဗတ်၏ စိုးရိမ်ပူပန်အတိုင်း အေနန်ကလည်း သြစတြေးလျဓါတ်ခွဲခန်း၏ လုံခြုံရေးလုပ်ထုံးလုပ်နည်းနှင့် ပျောက်ဆုံးနေသော ဗိုင်းရပ်စ်များ၏ ဖြစ်နိုင်ခြေအလားအလာကို မေးခွန်းထုတ်ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် ပညာရှင်နှစ်ဦးစလုံးက တောင်းဆိုခဲ့ပြီး ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို တားဆီးရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းများကြုံနေရသော လတ်တလောကာလတွင် အန္တရာယ်ရှိသော ရောဂါပိုးများကို ကိုင်တွယ်သိမ်းဆည်းခြင်း၊ သိုလှောင်ခြင်းများအား အထူးသတိထားရန်လိုအပ်ကြောင်းကို ၎င်းတို့က အလေးထားပြောဆိုခဲ့ကြသည်။
Ref: သည်နေရှင်း