ဟက်ကာတစ်ဦးကရှန်ဟိုင်းရှိ ကိုဗစ်ဆိုင်ရာ ကျန်းမာရေး အက်ပ် အသုံးပြုသူ ၄၈ ဒဿမ ၅ သန်း၏ အချက်အလက်များကို ရောင်းချရန် ကမ်းလှမ်း
ပေကျင်း၊ ဩဂုတ် ၁၂ ရက်
ဟက်ကာတစ်ဦးသည် ရှန်ဟိုင်းအစိုးရက ဦးစီးသော ကိုဗစ်ဆိုင်ရာ ကျန်းမာရေးကုဒ် မိုဘိုင်းအက်ပ်ရှိ သုံးစွဲသူ ၄၈ ဒသမ ၅ သန်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
XJP ဟု အမည်ပေးထားသော ဟက်ကာသည် ဗုဒ္ဓဟူးနေ့တွင် အဆိုပါ အက်ပ်မှ ရယူထားသော ဒေတာများကို ဒေါ်လာ လေးထောင် ဖြင့် ရောင်းချရန် ကမ်းလှမ်းသည့် ပို့စ်တစ်ခုကို ဟက်ကာဖိုရမ်တစ်ခုဖြစ်သည့် Breach Forums တွင် တင်ခဲ့သည်။
ဟက်ကာသည် လူ ၄၇ ဦး၏ ဖုန်းနံပါတ်များ၊ အမည်များ၊ တရုတ်မှတ်ပုံတင်နံပါတ်များနှင့် ကျန်းမာရေးကုဒ်အခြေအနေများ အပါအဝင် ဒေတာနမူနာတစ်ခုကိုပါ အဆိုပါပို့စ်နှင့်အတူ တင်ခဲ့သည်။
ရိုက်တာသတင်းဌာနကဆက်သွယ်ခဲ့သော အဆိုပါ လူ ၄၇ ဦးမှ ဆယ့်တစ်ဦးက ၎င်းတို့သည် ဟက်ကာတင်ထားခဲ့သည့် ဒေတာနမူနာတွင် ပါဝင်နေကြောင်း အတည်ပြုခဲ့သည်။ သို့ရာတွင် လူနှစ်ဦးကမူ ဖော်ပြထားသည့် ၎င်းတို့၏ မှတ်ပုံတင်နံပတ်များသည် မှားယွင်းနေသည်ဟု ဆိုသည်။
“ဒီ ဒေတာဘေ့စ် မှာ Suishenma ကို စတင်ပြုလုပ်ပြီး သုံးစွဲကတည်းက ရှန်ဟိုင်းမှာနေထိုင်တဲ့ ဒါမှမဟုတ် လာလည်သူတိုင်းရဲ့ အချက်အလက်တွေ ပါဝင်ပါတယ်” ဟု XJP က ၎င်း၏ပို့စ်တွင် ပြောကြားခဲ့သည်။
Suishenma သည် ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ရှန်ဟိုင်းအစိုးရက ပြုလုပ်ခဲ့သည့် ရှန်ဟိုင်း ကျန်းမာရေးကုဒ်စနစ် အက်ပလီကေးရှင်း၏ တရုတ်နာမည်ဖြစ်သည်။ ရှန်ဟိုင်းတွင် နေထိုင်သူနှင့် လာရောက်သူအားလုံး မဖြစ်မနေသုံးရသည့် မိုဘိုင်းအက်ပ်ဖြစ်သည်။
အဆိုပါ အက်ပ်၏ ဒေတာများကို ရှန်ဟိုင်းမြို့တော် အစိုးရက စီမံခန့်ခွဲပြီး အသုံးပြုသူများသည် Suishenma ကို အလီဘာဘာကုမ္ပဏီ၏ တွဲဖက် Ant Groupမှ ပိုင်ဆိုင်သော အလီပေးနှင့် Tencent မှ ပိုင်ဆိုင်သော ဝီချက်စသော အက်ပလီကေးရှင်းများမှ ဒေါင်းယူရသည်။
XJP၊ ရှန်ဟိုင်းအစိုးရ၊ Ant နှင့် Tencent တို့ကမူမည်သည့်မှတ်ချက်မှမပေးသေးပေ။
Source: Reuters