ရှမ်းပြည်နယ်၊ (တောင်ပိုင်း) အောင်ပန်းမြို့ရှိ Hotel Aung Ban မှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ပိတ်မိနေသူများအား ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိရာ လက်ရှိအချိန်ထိ အမျိုးသမီး (၃)ဦး ရုပ်အလေ-ာင်းအား တွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ယမန်နေ့ မတ်(၂၈) ရက်၊ နေ့လယ် (၁၂) နာရီ (၅၁) မိနစ် (၀၂) စက္ကန့်အချိန်က အင်အားရစ်(ချ်)တာစကေး ရ ဒသမ ရ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များလည်း လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းမှာ ပြိုကျခဲ့ရပြီး တာဝန်ရှိသူများ၊ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များ ညဘက်နှင့် လက်ရှိအချိန်အထိ ပူးပေါင်း ကယ်ဆယ်ရေးအဖွဲ့များ ဆက်လက်ကူညီရှာဖွေလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ကနဦးအနေဖြင့် အမျိုးသမီး (၃)ဦး ရုပ်အလေ-ာင်းနှင့် အမျိုးသား (၈)ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသမီး (၁၇)ဦး ထိခိုက်ဒဏ်ရာရတို့ကယ်ထုတ်နိုင်ခဲ့ပြီး အောင်ပန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ နေရာများအား အရေးပေါ် အခြေနေအဖြစ် ကြေညာလိုက်ပြီး အကူအညီရရှိစေရေး စောလျင်စွာ လုပ်ဆောင်သွားမည်ဟုလည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။