အခမဲ့ဆေးခန်းတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်
အခြေခံလူတန်းစားများအတွက် အခမဲ့ဆေးခန်းနှင့် ဆေးပေးခန်းတစ်ခု မင်္ဂလာဒုံမြို့နယ်အတွင်း ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)ကသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ပုလဲမြို့သစ် ရှိ အရန်မီးသတ်တပ်ဖွဲ့က ဦးစီး၍ အလှူရှင်များ စုပေါင်းအလှူဖြင့် ပုလဲမေတ္တာအခမဲ့ဆေးခန်း ကို အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)ရုံးဝင်းအတွင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ဖွင့်တာ တစ်ပတ်လောက်ရှိပြီ။မတတ်နိုင်တဲ့ သူတွေကို ဆေးကုပေးတယ်၊ ဆေးဝါးလှူဒါန်းပေးတယ်။ ဒီအချိန်မှာက အဆင်မပြေတဲ့ သူ တွေများတယ်လေ။ဆေးခန်းပြဖို့ အခက်အခဲရှိတဲ့သူတွေက အများကြီးရှိတယ်။ ကိုဗစ်ကလည်း ရှိနေသေးတော့ ကျွန်တော်တို့က ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီတဲ့ သဘော ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်း အခမဲ့ ဆေးခန်းကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ တစ်ပတ်လျှင် နှစ်ရက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လူမျိုးဘာသာမရွေး မည်သူမဆို လာရောက် ကုသနိုင်ကြောင်း သိရသည်။