ဂျပန်နိုင်ငံဟာ စစ်ပြီးကာလ ငြိမ်းချမ်းရေးမူများမှ နောက်ဆုံး သွေဖီမှုအဖြစ် ဗြိတိန်၊ အီတလီတို့နဲ့အတူ တီထွင်ထုတ်လုပ်တဲ့ အနာဂတ်မျိုးဆက် တိုက်လေယာဉ်တွေကို အခြားနိုင်ငံများသို့ ရောင်းချပေးမယ့် အစီအစဉ်အား အင်္ဂါနေ့မှာ အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း သိရပါတယ်။
နိုင်ငံတကာလက်နက်ရောင်းချရေးခွင့်ပြုတဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဟာ ပူးတွဲ ဂျက်တိုက်လေယာဉ်စီမံကိန်းမှာ ဂျပန်ရဲ့ အခန်းကဏ္ဍကို စိတ်ချလုံခြုံစေဖို့ မျှော်လင့်ရသလို ဂျပန်ရဲ့ လက်နက်ပစ္စည်းလုပ်ငန်းကို ထူထောင်ဖို့နဲ့ ကမ္ဘာ့လုံးဆိုင်ရာ လုံခြုံရေးမှာ ၎င်းရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရေး လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
မိတ်ဖက်မဟုတ်တဲ့ နိုင်ငံတွေကို ပူးတွဲထုတ်လုပ်တဲ့ လက်နက်တွေရောင်းချခွင့်ပြုဖို့အတွက် ဂျပန်ရဲ့ လက်နက်ကိရိယာများနဲ့ နည်းပညာလွှဲပြောင်းလမ်းညွှန်ချက်တွေကို ပြန်လည်ပြင်ဆင်ဖို့လည်း အစိုးရအဖွဲ့က ထောက်ခံချက်ပေးခဲ့ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံဟာ ၎င်းရဲ့ ငြိမ်းချမ်းရေးအခြေခံဥပဒေအရ လက်နက်တင်ပို့တာတွေကို ကာလကြာရှည် ကန့်သတ်ထားခဲ့တာဖြစ်ပေမယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ခြေလှမ်းတွေ အရှိန်မြှင့်ခဲ့ပါတယ်။
ယခု ဂျက်တိုက်လေယာဉ်ဆိုင်ရာ ဆုံးဖြတ်ချက်အရ ဂျပန်နိုင်ငံအနေနဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ လူသ–တ်လက်နက်တွေကို ပထမဆုံးအကြိမ် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။
ဂျပန်ဟာ ၎င်းရဲ့ သက်တမ်းရင့် အမေရိကန်ထုတ် F-2 တိုက်လေယာဉ်တွေ၊ ယူရိုဖိုက်တာဂျက် တိုင်ဖွန်းတွေရဲ့ နေရာမှာ အစားထိုးဖို့အတွက် ခေတ်မီတိုက်လေယာဉ်တွေ ထုတ်လုပ်ရေး အီတလီ၊ ဗြိတိန်တို့နဲ့ လက်တွဲလုပ်ဆောင်နေကြောင်း သိရပါတယ်။
Ref:abc News