အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ပြီး မြို့ ၃၀ကျော်၊ဆောင်ရွက်ဆဲ မြို့၂၆၀ကျော်ရှိဟုဆို
နောင်ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိနေသည်ဟု ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့်စာရင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင်လူဦးရေစာရင်း တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်းရှင်းပြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး / ပြည်နယ် အသီးသီးရှိ မြို့နယ် ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည်ဟု ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ဆက်လက်ပြောကြားသည်။
ယနေ့အထိ ဆောင်ရွက်ပြီး ၃၃ မြို့နယ်၊ ဆောင်ရွက်ဆဲ ၂၆၄ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန် ၂၈ မြို့နယ်ဖြစ်ကာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းကို လဝကပုံစံ(၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ်စသည်များနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမပြုဘဲရှိကောက်စနစ်နှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော်(မဲဆန္ဒရှင်ပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါတွင် ပြင်ဆင်ထားသည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းပြုစုရာတွင် ကော်မရှင်က သတ်မှတ်ထားသည့် လူဦးရေပုံစံဇယားနှင့်အညီ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုထား သည့်လူဦးရေစာရင်းနှင့် လဝကမြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းကိုအခြေခံ ပြီးရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို ၎င်းတို့ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းတွင်ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများကို သက်ဆိုင်ရာဌာနအသီးသီး တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးကပြောပြသည်။