နိုဆာဒူဝါ၊နိုဝင်ဘာ ၁၄
အင်ဒိုနီးရှား၏ ရာသီဥတုနှင့်စားနပ်ရိက္ခာဖူလုံရေးကဲ့သို့သောနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုအများအပြားကိုပြုလုပ်မည်ဖြစ်ကြောင်း ကန်သမ္မတဂျိုးဘိုင်ဒင်က တနင်္လာနေ့ကကြေငြာခဲ့သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုများတွင် ExxonMobil နှင့် အစိုးရပိုင်စွမ်းအင်ကုမ္ပဏီဖြစ်သည့် Pertamina တို့အကြား သဘောတူညီထားသည့် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံသဘောတူညီချက်လည်းအပါအဝင်ဖြစ်သည်။
ExxonMobil နှင့် Pertamina တို့၏သဘောတူညီချက်သည် အင်ဒိုဒေသတွင်း၌ ကာဗွန်ဖမ်းယူသိမ်းဆည်းရေးကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုကဲ့သို့ မိတ်ဖက်လုပ်ဆောင်မှုသည် အဓိကကျသည့်စက်မှုလုပ်ငန်းကဏ္ဍများအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်အားရှင်းထုတ်ပေးကာ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချပေးနိုင်မည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။
ယခုရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ကုမ္ပဏီနှစ်ခု၏ပူးတွဲလေ့လာချက်အရ Pertamina ၏ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်တွင် ကာဗွန်တန်ချိန် ၁ ဘီလျံအထိသိုလှောင်နိုင်ကြောင်းအလားအလာကိုတွေ့ရှိခဲ့ပြီး အဆိုပါပမာဏသည် အင်ဒိုဓာတ်ငွေ့ထုတ်လွှတ်မှုအား နောက်နှစ်ပေါင်း ၁၆ နှစ်အထိထိန်းသိမ်းထားနိုင်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
သမ္မတဘိုင်ဒင်သည် G – 20 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အင်ဒိုနိုင်ငံဘာလီသို့ရောက်ရှိနေခြင်းဖြစ်ပြီး သမ္မတဂျိုကိုဝီနှင့်တွေ့ဆုံစဉ် ယခုရင်းနှီးမြှုပ်နှံမှုအားထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်ကာ အင်ဒိုကိုလည်းအရေးပါသောမိတ်ဖက်နိုင်ငံဖြစ်သည်ဟုဆိုခဲ့သည်။
ယင်းနောက်သမ္မတဘိုင်ဒင်က အင်ဒိုနှင့်အမေရိကနှစ်နိုင်ငံလုံးအနေဖြင့် ပြည်သူများအားကိုဗစ်ရန်မှကာကွယ်နိုင်ရန် အတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
Source : Reuters