ဂျကာတာ၊မတ် ၂၁
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ လီဝိုတိုဘီမီးတောင်သည် ကြာသပတေးနေ့ညနှောင်းပိုင်းက ပေါက်ကွဲခဲ့ကာ သောကြာနေ့အထိ ဆက်လက်ပေါက်ကွဲနေသဖြင့် မီးတောင်နှင့်ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးစင်တာက သတိပေးချက်ကို အမြင့်ဆုံးအထိတိုးမြှင့်ခဲ့သည်ဟုသိရသည်။
အဆိုပါပေါက်ကွဲမှုမှပြာများသည် အမြင့်မီတာ ၈,၀၀၀ အထိရောက်ရှိခဲ့ပြီး မီးခိုးများသည် မီးတောင်ဝ၏အနောက်တောင်ဘက်နှင့်အနောက်ဘက်များသို့ပျံ့နှံ့ရောက်ရှိသွားသည်ဟုလည်းသိရသည်။ ပြင်းထန်သည့်ပေါက်ကွဲမှုများ သောကြာနေ့အစောပိုင်းအထိဆက်လက်ဖြစ်ပေါ်နေခဲ့သည်ဟုလည်းဆိုသည်။
မီးတောင်စောင့်ကြည့်လေ့လာရေးသတိပေးချက်ကို ကြာသပတေးနေ့ကတည်းက အနီရောင်အမြင့်ဆုံးအဆင့်အထိတိုးမြှင့်ထားပြီး လေယာဉ်များအနေဖြင့်လည်း မီးတောင်ပတ်ဝန်းကျင်တွင် မီတာ ၆,၀၀၀ အောက်ထိ နှိမ့်၍မပျံသန်းရန်ညွှန်ကြားထားပြီး မီးတောင်ပြာများရှိနေခြင်းကြောင့်လည်း ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်းသတိပေးထားသည်။
ကြာသပတေးနေ့ကတည်းက အန္တရာယ်ဇုန်ကို မီးတောင်ဝ၏အနောက်တောင်နှင့်အနောက်မြောက်ဘက်၏ ၇ ကီလိုမီတာဝန်းကျင်မှ ၈ ကီလိုမီတာဝန်းကျင်သို့ပြောင်းလဲသတ်မှတ်ကာ ကျန်ဒေသများအတွက်ကိုမူ ၅ ကီလိုမီတာမှ ၇ ကီလိုမီတာဝန်းကျင်သို့ ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့သည်ဟုသိရသည်။
ထိုမျှမက မိုးသည်းထန်စွာရွာချိန်တွင် မြစ်များ၌ ချော်ရည်များပါ ရောပါလာနိုင်ခြေရှိသဖြင့် လီဝိုတိုဘီတစ်ဝိုက်ရှိဒေသခံများအနေဖြင့် အန္တရာယ်ကင်းရေးအကြံပြုချက်များအား အလေးအနက်ထားလိုက်နာရန်လည်းဆိုထားသည်။
မီးတောင်ပြာများကျရောက်သည့်ဒေသများရှိပြည်သူများကို လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၏ အန္တရာယ်မှကာကွယ်ရန် နှာခေါင်းစည်းများတပ်ဆင်သင့်သည်ဟုလည်းညွှန်ကြားထားသည်။
Source : ရှင်းဟွာ