ဂျကာတာ၊ဇန်နဝါရီ ၁၅
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း မြောက်မာလူကူပြည်နယ်ရှိ အီဘူမီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပေါက်ကွဲမှုသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ကြောင်းသိရသည်။
အမြင့် ၁,၃၂၅ မီတာရှိ အဆိုပါအီဘူမီးတောင်သည် ရက်အတော်ကြာ အဆက်မပြတ်ပေါက်ကွဲနေခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၁ မိနစ်တွင် ပေါက်ကွဲမှုအကြီးစားတစ်ခုဖြစ်ပွားခဲ့ကာ မီးတောင်မှပြာများသည် ကောင်းကင်သို့ ၄ ကီလိုမီတာခန့်အထိ မြင့်တက်သွားပြီး ပြာထုကြီးသည် မီးတောင်အနောက်ဘက်ခြမ်းသို့ရွေ့လျားသွားသည်ဟုလည်း မီးတောင်နှင့်ဘူမိဗေဒအန္တရာယ်လျော့ပါးရေးစင်တာ (PVMG) က ထုတ်ပြန်ကြေငြာခဲ့သည်။
ဆက်လက်၍ PVMG နှင့် နိုင်ငံ၏ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီတို့က ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်းကာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေသည်ဟုလည်းပြောကြားခဲ့သည်။
ရုတ်တရက်မီးတောင်ပေါက်နိုင်ခြေ မြင့်မားလာသဖြင့် ဒေသခံများအနေဖြင့် မီးတောင်ဝ၏ ၄ ဒသမ ၅ ကီလိုမီတာ ပတ်လည်အတွင်း မသွားရောက်ဘဲနေကြရန်လည်းတိုက်တွန်းနှိုးဆော်ထားသည်။အီဘူမီးတောင်သည် အင်ဒိုနီးရှားရှိ မီးတောင်ရှင် ၁၂၇ လုံးအနက် တစ်ခုအပါအဝင်လည်းဖြစ်သည်။
Source : ရှင်းဟွာ