အစ္စတန်ဘူလ်၊ဧပြီ ၂၃
ဧပြီလ ၂၃ ရက်နေ့က တုကီယေး၌ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ရာ ထိတ်လန့်တုန်လှုပ်ပြီး အဆောက်အအုံ ပေါ်မှခုန်ချသည့်ဖြစ်ရပ်များကြောင့် လူ ၁၅၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးကသတင်းထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရရှိသူများမှာ လက်ရှိတွင် ဆေးရုံ၌ဆေးကုသမှုခံယူနေရပြီး ၎င်းတို့၏အခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနှင့် ဧပြီလ ၂၃ ရက်ညနေ ၃ နာရီ ၃၀ မိနစ်အထိ လူသေဆုံးမှုမရှိကြောင်းလည်းအဆိုပါရုံးကသတင်းထုတ်ပြန်ထားသည်။
Fatih ခရိုင်ရှိ စွန့်ပစ်ထားသည့် အဆောက်အအုံမှလွဲ၍ မြို့အနှံ့ရှိလူနေအဆောက်အအုံများ ပြိုကျခြင်းမရှိကြောင်း အုပ်ချုပ်ရေးမှူးရုံးကအတည်ပြုပြောကြားခဲ့သည်။
ယခုငလျင်ကြောင့် နိုင်ငံ၏စွမ်းအင်ထောက်ပံ့မှု၊သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု၊သောက်သုံးရေနှင့် မိလ္လာအခြေခံအဆောက်အအုံများစသည့် နေ့စဉ်ဘဝများအပေါ်ထိခိုက်စေမည့် အနှောင့်အယှက်များ မရှိကြောင်းသိရပြီး ကွင်းဆင်းအကဲဖြတ်မှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
အဆိုပါနေ့အစောပိုင်းက သဘာဝဘေးနှင့်အရေးပေါ်စီမံခန့်ခွဲမှုဥက္ကဌက ငလျင်ဗဟိုချက်သည် အစ္စတန်ဘူလ်၏ ဥရောပဘက်ခြမ်းရှိ Marmara ပင်လယ်အတွင်း အနက် ၆ ဒသမ ၉ ကီလိုမီတာတွင်ဖြစ်ကြောင်းကြေငြာခဲ့သည်။
Source : ရှင်းဟွာ
