မလေးရှားဝန်ကြီးချုပ် ဒတုတ်စရီအန်ဝါ အီဘရာဟင်သည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ပေတုန်ထန် ရှင်နာဝပ်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် အန်ဝါက တရုတ်သမ္မတ ရှီကျင့်ဖျင့် ၏ မလေးရှားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အပြီးတွင် စီစဉ်ထားသည့် ဘန်ကောက် တွေ့ဆုံမှုတွင် နယ်စပ်နှစ်ဘက်ရှိ လူနေထူထပ်သော ဒေသများကို ဖြတ်သန်းစီးဆင်းသည့် မြစ်ရေကြီးမှု လျော့ပါးသက်သာစေရေး၊ သောင်တူးခြင်းလုပ်ငန်းများ၊ မြစ်အောက်အညစ်အကြေးထုတ်လုပ်မှုဆိုင်ရာ များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးရန် တိုက်တွန်းခြင်း အပါအဝင် အရးကြီး ကိစ္စရပ်များကို ဆွေးနွေးရန် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ကြာသပတေးနေ့တွင် ဘန်ကောက်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အန်ဝါက ပြောခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး အာဆီယံ အနေဖြင့် အချက်ငါးချက်ပါ သဘောတူညီချက်ကို ဆက်လက်ကိုင်စွဲထား သော်လည်း ယခုအစည်းအဝေးကို လူသားချင်း စာနာထောက်ထားမှု အခြေခံထားသောရည်ရွယ်ချက်ဖြင့်သာ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများသည် မလေးရှားကို တိုက်ရိုက်သက်ရောက်မှုများ ရှိ၍ မလေးရှား အစိုးရအနေဖြင့် မြန်မာကိုလျစ်လျူမရှုထားနိုင်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏ ဖိတ်ခေါ်မှုအပေါ် အပြုသဘောဆောင်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တုံ့ပြန်မှုကို ကျေးဇူးတင်ပါတယ်” ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။
“ဖုန်းဖြင့်တစ်ခါခေါ်ဆိုရုံဖြင့် မြန်မာနိုင်ငံတွင် အဓိကကျသော ဘာသာရေး အားလပ်ရက်ဖြစ်လင့်ကစား ဧပြီလ ၁၇ ရက်နေ့တွင် ဘန်ကောက်၌ တွေ့ဆုံရန် သဘောတူခြင်းသည် မလေးရှားကို လေးစားမှုဖြင့်တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်လိုသော ဆန္ဒကို ထင်ဟပ်ပါသည်” ဟု ၎င်းက ဆိုသည်။
ပြည်သူတွေ ဒုက္ခရောက်နေတာကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး နှစ်ရက်အကြာမှာမြန်မာ့တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂၂ ရက်အထိ ကြေညာပေးခဲ့ပါကြောင်းလည်း အန်ဝါက ပြောကြားသည်။
“ဧပြီလ ၁၇ ရက်နေ့ မှာသူနဲ့ တွေ့တဲ့အခါ အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးဖို့ တိုက်တွန်းသွားမှာ ပါ” ဟု ၎င်းကပြောကြားခဲ့သည်။
Ref: မလေးမေးလ်