မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သေနတ်ပစ်ဖောက်၍ ငွေကျပ်(၁၀)သိန်းကျော် လုယက်ယူ ဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာတွင်ဖွင့်လှစ်ထားသည့် Denko စက်သုံးဆီအရောင်းဆိုင်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးရောက်ရှိလာကာ ဝတ်ဆင်ထားသည့် ဂျာကင်အကျီအတွင်းမှ သေ နတ်ကိုထုတ်၍ပစ်ဖောက်ပြီးနောက် ဆိုင်အတွင်းရှိ ငွေကျပ်(၁၀)သိန်းကျော်ကိုလုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
” စုံစမ်းသိရသလောက်နဲ့ ဆိုင်ရဲ့ CCTV မှတ်တမ်းအရဆိုရင် ပြစ်မှုကျူးလွန်တဲ့လူက အသက်(၂၅) နှစ်လောက်ရှိပါပြီ။ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတယ်။ သေနတ်ပစ်ဖောက်ပြီး ဆိုင်မှန်ခန်းထဲထိဝင်လာတယ်။ နောက် ပိုက်ဆံတွေကိုယူပြီးထွက်ပြေးသွားတာ။ ကျည်ခွံ(၅)ခုလည်းတွေ့ခဲ့ရတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။