အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းတို့ လေထဲတွင်တို-က်မိပြီးနောက် ကြီးမားသော ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
အမျိုးသားလေကြောင်းဦးစီးဌာန ၏ အဆိုအရ PSA လေကြောင်းလိုင်းမှ Bombardier CRJ700 အမျိုးအစား ပြည်တွင်းခရီးစဉ်သွား ဂျက်လေယာဉ်သည် ရေဂင်အမျိုးသားလေဆိပ်၏ ပြေးလမ်းအမှတ် ၃၃ သို့ ဆင်းသက်လာစဉ် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းနှင် ဒေသစံတော်ချိန် ည ၉ နာရီအချိန်ခန့်က ဝေဟင်တွင် တို-က်မိခဲ့ကြောင်း သိရသည်။
အေ-သအပျောက်နှင့် ယာဉ်တို-က်မှုဖြစ်ရသည့် အကြောင်းရင်းကို ချက်ခြင်းထုတ်ပြန်ခြင်း မရှိသေးချေ။
American Airlines ၏အဆိုအရမူ CRJ-700 ခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည် ၆၀ နှင့် အမှုထမ်းလေးဦး လိုက်ပါခဲ့ကြောင်း သိရသည်။
“လေယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေအတွက် စိုးရိမ်စရာပါပဲ” ဟု လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့က အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အရေးပေါ်တုံ့ပြန်ရေး ကြိုးပမ်းမှုတွေကို ကူညီနေပါတယ်။”ဟုလည်း ဖော်ပြထားသည်။
အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်ပေါ်တွင်မူ စစ်သည် ၃ ဦး လိုက်ပါခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီည အဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ လေယာဉ်ဟာ ဘရာဗိုတပ်ခွဲ၊ အမှတ် ၁၂ လေကြောင်းတပ်ရင်းကဖြစ်ပြီး၊ လေ့ကျင့်ရေးပျံသန်းမှုအတွင်း လေ့ကျင့်ပျံသန်းနေတဲ့ တပ်မတော်ပိုင် UH-60 ရဟတ်ယာဉ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်” ဟု အမေရိကန် လေတပ်က အတည်ပြုပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး သတင်းအချက်အလက်တွေ သိရလာတဲ့အခါ ထပ်လောင်းပေးသွားမှာပါ။”ဟုလည်း လေတပ်ကဆိုသည်။