ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ စုဖွဲ့ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် အရေးပေါ်ကုသမှုဆေးပညာ အထူးကုဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ အကြောအဆစ် အထူးကုဆရာဝန်များပါ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားသမားများ တားမြစ်ဆေးသုံးစွဲမှု စစ်ဆေးရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းကလည်း တိုင်းဒေသကြီး/ ပြည်နယ်များမှ အားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် နေပြည်တော် တည်းခိုရေးစခန်းသို့ ရောက်ရှိနေသည့် အားကစားသမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ထားသည့် ဆေးခန်းများနှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ကြိုတင်ပြင်ဆင်နေသည့် လုပ်ငန်းများကို နိုဝင်ဘာ (၂၅) ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒု-ဝန်ကြီးက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အဓိကထားပြောကြားခဲ့ပြီး အစားအသောက် ပြင်ဆင်ချက်ပြုတ် ကျွေးမွေးမှုများသန့်ရှင်းမှုရှိစေရေးအတွက် နေ့စဉ်အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ (၉)ရက်မှ (၂၀)ရက်အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။