နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယနေ့ ဒီဇင်ဘာ ၂၀ ရက်ညပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်ဖြစ်၍ ထိုသို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများကို ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန်လိုသည်ဟု ပြောသည်။
” အထူးအလေးအနက်ထားပြောကြားလိုတာက အဲဒီလို အခက်အခဲတွေကြား နိုင်ငံရဲ့နေရာဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ နိုင်ငံ့ဝန်ထမ်းတွေရဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုတွေကို အသိအမှတ်ပြုဂုဏ်ပြုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ချိန်၌ အခမ်းအနားတက်ရောက်လာကြသူများမှ လက်ခုပ်တီး၍ဂုဏ်ပြုခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်၊ အမျိုးသားရေးကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကိုတိုးတက်စေမည့် အမျိုးသားအားကစားပွဲတော်ကြီးကို ယခုကဲ့သို့ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း မိမိတို့နိုင်ငံအား လုံခြုံအောင်ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ ပြည်သူများကိုကာကွယ်ရင်း အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထားဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားခဲ့သည်။