ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ ပန်းပွဲတော်ကို၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ယခုအခါ လာရောက်လည်ပတ်သည်များဖြင့် စည်ကားလျက်ရှိပြီး ထပ်မံလည်ပတ်နိုင်ရန် ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် (၂၀) မှ (၂၅) မျိုး၊ ဒေသပန်းမျိုးစိတ် (၁၅) မျိုးမှ မျိုး (၂၀) စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း သိရသည်။
ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များလည်းပါရှိကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။